
“ကိုယ်မှန်ပေမဲ့ လျော့သင့်တာတွေ ရှိတယ်”
ကိုယ်က မှန်တယ်၊ ကိုယ်လုပ်တာ မှန်တယ် …ဆိုတဲ့ အမှန်တရားဆိုင်ရာ. အတ္တမာနဆိုတာ လူတိုင်းမှာ ရှိပါတယ်။
ကိုယ်မှန်တယ်ဆိုရင် အမှန်တရားဘက်က အပြတ်ရပ်တည်မယ်ဆိုတဲ့ စိတ်နဲ့ မာန်တက်လာပြီး ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ နေခဲ့တဲ့ အချိန်တွေ ကျမမှာလည်း ရှိခဲ့တယ်၊
မိတ်ဆွေသူငယ်ချင်းနဲ့ပဲ ဖြစ်ဖြစ်မိသားစုတွင်းမှာပဲ ဖြစ်ဖြစ် အမှန်ဘက်နေ ရပ်တည်ဖို့ ဖြစ်လာခဲ့တာ ကြုံခဲရဖူးတယ်။ အဲဒီတုန်းက ကိုယ်မှန်ပြီလို့ လက်ခံတဲ့အခါ မလျော့တော့ဘူး။ ဘယ်သူပြောပြော လက်မခံတော့ဘူး။
ကိုယ့်ဘက်က မှန်တယ်ဆိုတော့ သူ့ဘက်က မှားတာပေါ့လို့ တစ်ထစ်ချ ယူဆလိုက်တော့ စိတ်ထဲ ပိုပြီး မာန်တက်သွားတယ်။တစ်ဘက်က မှားတဲ့သူ၊ အဲဒါကြောင့် သူက တောင်းပန်ရမှာ.. သူ မတောင်းပန်မချင်းကိုယ်ကတော့ မလျော့ဘူး ဆိုပြီး တင်းခံနေခဲ့တာ။
အဲဒီလို စိတ်ထဲကသာ တင်းခံနေရတဲ့အတွက် စိတ်ထဲမှာ အမှန်တရားကို ရပ်တည်မိတယ်ဆိုတဲ့ ကျေနပ်မှုတော့ပေါ်လာတတ်ပေမဲ့ ကိုယ့်စိတ်ထဲမှာ ကြည်နှူးပျော်ရွှင်မှုကတော့ ပျောက်ဆုံးနေတယ်။
နေပါစေ ဆိုပြီး ခေါင်းမာမာနဲ့ တင်းခံနေချိန်ဟာ ကြာလာလေ ကျမအတွက်တော့ စိတ်ညစ်ရတဲ့ အချိန်တွေပိုလာလေလို့တောင် ခံစားလာရတယ်။
အဲဒီအချိန်မှာ မထင်မှတ်ဘဲနဲ့ သူငယ်ချင်းက မထင်မှတ်ဘဲ ရုတ်တရက် ကွယ်လွန်သွားတယ်။
သာမန်ဝမ်းနည်းမှုလေးပဲ ခံစားလိုက်ရတယ်။ စိတ်မကောင်းဘူးပေါ့။ ဒါပေမဲ့ ကိုယ်မှန်နေတဲ့ ကိစ္စတစ်ခုမှာ သူ မမှားပါဘူးဆိုတာကို ကိုယ်သိလိုက်ရတော့ စိတ်ထဲ တော်တော်လေး ထိခိုက်သွားရတယ်။
သူ မဆုံးခင်တုန်းက ကိုယ့်ဆီကို ၂ ကြိမ် ဖုန်းဆက်ခဲ့ရှာတယ်။ မကိုင်ခဲ့ဘူး၊ ကိုယ့်စိတ်ထဲမှာ သူ ဘက်ကနေ ဒီကိစ္စမှာ သူမှားတယ်လို့ မတောင်းပန်မချငိး ကိုယ့်ဘက်ကလည်း ဖုန်းမကိုင်တော့ဘူး၊ သူ့ကိုလည်း မဆက်သွယ်တော့ဘူးလို့ စိတ်တင်းထားခဲ့တာ။
ကိုယ်ကတော့ မှန်ပါရဲ့၊ ကိုယ့်ရဲ့ အမှန်ပဲ မြင်မိကြည့်မိတဲ့အခါ တခြားသူတွေ ဘယ်လိုဖြစ်နေသလဲ၊ သူ ခံစားနေရသလဲ ဆိုတာကို ငဲ့ကြည့်ဖို့လည်း မစဉ်းစားခဲ့ဖူးဘူး။
အဲဒီလို ရှိခဲ့တဲ့အတွက် ကိုယ့်ဘက်က မှန်တယ်ဆိုတဲ့ စိတ်ကို ဆွဲခံပြီး ဇွတ်အတင်း တင်းခံတတ်တယ်။ အဲဒီအချိန်မှာ သူ ဘယ်လို ခံစားရသလဲ ဆိုတာလည်း မတွေးနိုင်တော့ဘူး။ ၀မ်းနည်းစရာကောင်းလိုက်တာ။
ကျမရဲ့ ငါ…မှန်တယ်ဆိုတဲ့. စိတ်ဟာ ကိုယ့်အတွက် နောင်တကို ဖြစ်စေတယ်။ ငယ်သူငယ်ချင်တးစ်ယောက်ရဲ့ ချစ်ခင်မှုကို ဆုံးရှုံးရစေတယ်၊ နောက်ဆုံး သူငယ်ချင်းရဲ့ နောက်ဆုံး ချိန်မှာတောင် လို့ တွေးမိတိုင်း နောင်တရခြင်းနဲ့ ခံစားထိခိုက်ရပါတယ်။
ခုချိန်မှာ ပြန်တွေးကြည့်တော့ ကိုယ်က မမှားသလို၊ သူလည်း မမှားနိုင်တဲ့ ကိစ္စဆိုတာ အများကြီး ရှိနိုင်တယ်။
အဲဒီတုန်းကများ ကိုယ်က မမှားလို့၊ သူလည်း မမှားနိုင်ပါဘူး ဆိုတဲ့ အသိလေး ၀င်ခဲ့ရင် စိတ်ကလည်း သူပြောတာကို လက်ခံပေးနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်လာနိုင်တယ်။
အဲဒီအချိန်ကစပြီး ကိုယ်မှန်သလို၊ သူလည်း မှန်နိုင်ပါလား ဆိုတဲ့ အသိကတော့ ကျမ ရင်ထဲမှာ စွဲသွားတယ်။ ငယ်သူငယ်ချင်းတစ်ဦးရဲ့ ရင်းပြီးမှ ရတဲ့ အသိတရားပါ။
ကျမတို့ဟာ အမှန်နဲ့ အမှားလို့ သုံးသပ်မိတဲ့အခါတိုင်း ကိုယ်မှန်တယ်ဆိုရင် မလျော့ချင်တဲ့ အတ္တတွေ ရှိကြတယ်။
အဲဒီ အမှန်တရားဆိုင်ရာ အတ္တကြောင့်ပဲ သားအမိချင်း၊ မောင်နှမချင်း၊ သူငယ်ချင်းခြင်း၊ ချစ်သူခြင်း၊ အိမ်ထောင်ဖက်ခြင်း ကြားမှာ အဆင်မပြေမှုတွေ ဖြစ်ကြရတယ်။
ကိုယ်လည်း စိတ်ဆင်းရဲ၊ သူလည်း စိတ်ညစ်နဲ့ ပျော်ရွှင်ကြည်နှူးခြင်းဆိုတာ ပျောက်ဆုံးရပါတယ်။
အဲဒါကြောင့် ကိုယ်က မှန်နေသလို၊ သူလည်း မမှားနိုင်ဘူး ဆိုတာကို လက်ခံမိဖို့လိုတယ်။ တကယ်လို့များ ကိုယ်က မှန်နေပြီး သူက မှားနေတယ်ဆိုရင်လည်း ကိုယ့်ဘက်က အမှန်ဆိုပြီး မာန်စောင်တတ်မယ်ဆို၇င် ချစ်တဲ့သူတွေကို ဆုံးရှုံးသွားရနိုင်တယ်။
ဘ၀မှာ ကိုယ်က အမြဲတမ်း မှန်နေဖို့ ဆိုတာ အရေးမကြီးပါဘူး။ ဘ၀မှာ ကိုယ်ချစ်ခင်ရတဲ့ သူတွေရဲ့ ရင်းနှီးချစ်ခင်ခြင်းကသာ ပိုအရေးကြီးပါတယ်။
ကိုယ့်ရဲ့ အတ္တကြောင့် မာန်မာနတွေကြောင့် သူတို့တွေ စိတ်မထိခိုက်စေရဖို့ ကိုယ်နောင်တနဲ့ မရှင်သန်စေမိဖို့ကသာ ပိုအရေးကြီးပါတယ်ရှင်။
ကျေးဇူးတင်ပါတယ်။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
မေသင်္ကြန်ဟိန်(မြစ်မခ) လေးစားစွာဖြင့် Credit
No Comments