
“လူချစ်လူခင်များစေတဲ့ အလေ့အကျင့် ၁ ခု”
၁။ အဆိုတော်တစ်ယောက်
အဲဒီအဆိုတော်က အခွေမထွက်တာ ၅ နှစ်လောက် ရှိပြီ။ ပုံမှန်အားဖြင့် အဆိုတော်တစ်ယောက်ဟာ အဲ့ဒီလောက် ပရိသတ်နဲ့ အဆက်ပြတ် သွားရင် တော်တော်လေး မြုပ်သလောက် ဖြစ်သွားပြီလို့ ပြောလို့ ရတယ်။
ဒါပေမယ့် သူကတော့ ပိုပိုပြီးတောင် အောင်မြင်နေသေးတယ်။ အဓိက ကတော့ Social media ပေါ်မှာ အထင်အရှား မြင်နေ ရတဲ့ သူ့ရဲ့ PR skill ကြောင့်ပဲ။
ကျွန်တော့်သင်တန်းတစ်ခုမှာ အင်္ဂလိပ်စာ ဆရာမတစ်ယောက် လာတက်တယ်။ နားချိန်ရောက်တော့ အဲဒီ အစ်မက စကား လာပြော တယ်။ ကျွန်တော် စိုင်းစိုင်းခမ်းလှိုင် အကြောင်း ရေးထားတဲ့ ဆောင်းပါး ကနေ ကျွန်တော့်ကို စသိ တာပါ ဆိုပြီး သူ့အတွေ့အကြုံလေးကို ပြောပြတယ်။
“တစ်ရက် အစ်မတို့ UFL က canteen မှာ သူ့ကိုတွေ့တယ်၊ ကိုယ်ကလည်း သူ့ပရိသတ်ဆိုတော့ သွားမိတ်ဆက် တာပေါ့၊ အဲဒါနဲ့ မိတ်ဆက်ပြီးတော့ နောက်လနည်းနည်းကြာတော့ တိုက်တိုက်ဆိုင်ဆိုင် မင်္ဂလာဆောင် တစ်ခုမှာ သူနဲ့တွေ့တယ်။
အစ်မက နှုတ်ဆက် ရကောင်းမလား၊ မှတ်မှမှတ်မိ ပါ့မလား စဉ်းစားနေတုန်း သူက လှမ်းတွေ့ပြီး တကူးတက လာနှုတ် ဆက်တယ်၊ နှုတ်ဆက်တာမှ မြင်ဖူးလို့ လှမ်းပြုံးပြရုံလောက် မဟုတ်ဘူး၊
အစ်မရေ ကျွန်တော်ကလေ ဘာညာနဲ့ တကယ့်ကို တရင်းတနှီး စကားလာပြောတာ၊ အစ်မလည်း အဲ့ဒီကတည်းက သူ့ရဲ့ Social skill ကို ကြွေသွားတော့တာပဲ” တဲ့။
၂။ ခရိုနီသူဌေးတစ်ယောက်
ခရိုနီလို့ ပြောလိုက်တိုင်း လူတွေရဲ့စိတ်ထဲမှာ Negative ပုံရိပ်တွေ ပေါ်လာတတ်ပေမယ့် ခရိုနီတွေထဲမှာ လူချစ်လူခင် အပေါဆုံး ခရိုနီ တစ်ယောက် ရှိတယ်။ အစိုးရအပြောင်းအလဲမှာ ခရိုနီတချို့ နေရာပျောက် သွားတယ်။
ခရိုနီတချို့ အသစ် ထပ်ပေါ်လာ တယ်။ မပြောင်းမလဲ ရှင်သန် ကျန်ရစ်တဲ့ ခရိုနီတွေလည်း ရှိတယ်။ အဲဒီ ထဲမှာ သူလည်း ပါတယ်။
အသိုင်းအဝိုင်းခပ် ကြီးကြီးက သူငယ်ချင်း တစ်ယောက် ပြောတာ ကြားဖူးတယ်။ “ငါတို့ တစ်ခါက သူလုပ်တဲ့ ပွဲတစ်ခုကို သွားတော့ အမှန်ဆိုဟာ သူက သူဌေးပဲ၊ ခပ်တည်တည်နေလိုက်လည်း ရတာပဲ၊
ဒါပေမယ့် အဲ့လို မဟုတ်ဘူး၊ တစ်ဝိုင်းပြီး တစ်ဝိုင်းကို လိုက်နှုတ်ဆက်၊ စကားတွေလိုက်ပြော၊ သူ့ကြည့်ရင်း ငါပါ သူ့ကို ခင်လာတယ်၊ ငါ သဘောအကျဆုံး ကတော့ ဘယ်သူ့ကို ဘယ်လိုစကားမျိုးပြောရမလဲ ဆိုတာ သူ ကောင်းကောင်းသိနေတာပဲ” တဲ့။
၃။ သူငယ်ချင်းတစ်ယောက်
ကျွန်တော်နဲ့တစ်တန်းတည်း ဆရာဝန် သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့ကို same batch က သူငယ်ချင်းတွေရော၊ Senior ၊ Junior ၊ ဆရာ ဆရာမတွေ တော်တော်များများကပါ သိကြတယ်။ အဓိကက ပေါင်းသင်းဆက်ဆံရေး ကောင်းတယ်၊ ရယ်စရာပြောတတ်တယ်၊ အာဝဇ္ဇန်းရွှင်တယ်ပေါ့။
တစ်ရက် သူငယ်ချင်းတစ်ယောက် မင်္ဂလာဆောင်လို့ ကျွန်တော် သွားတက်တယ်။ မြင်ဖူးတဲ့သူတွေကို ရယ်ပြနှုတ်ဆက်ပေါ့။ နောက်တော့ ဘယ်သူမှ မရောက်သေးတဲ့ ဝိုင်းလွတ်တစ်ခုမှာ ၀င်ထိုင်ပြီး ဖုန်းသုံးနေ လိုက်တယ်။
အဲဒီမှာ တခြားဝိုင်းမှာထိုင်နေတဲ့ ခုနက သူငယ်ချင်းက ထလာပြီး ကျွန်တော့်ကို နှုတ်ဆက်၊ စကားတွေပြောပြီး ဧည့်ခံနေရော။ အမှန်က သူလည်း မင်္ဂလာဆောင် လာတာပဲ။ သူ့ဟာ သူ ထိုင်နေ လိုက်လည်း ရတယ်။
ဒါပေမယ့် လူတစ်ယောက်တည်း ဖြစ်နေတာကို မြင်တဲ့အချိန်မှာ လာပြီး နှုတ်ဆက်တယ်။ အဖော်ပြုတယ်။ သြော် ဒါကြောင့်လည်း ဒီကောင့်ကို လူတွေအကုန်လုံးက ခင်နေ မင်နေကြတာကိုးလို့ စိတ်ထဲ ကြိတ်အမှတ်ပေးလိုက်မိတယ်။
၎။ စာဖတ်သူတစ်ယောက်
ဘ၀မှာ အမှတ်တရအဖြစ်ဆုံး စာအုပ်မိတ်ဆက်ပွဲတစ်ခု ရှိတယ်။ ၂၀၁၆ နှစ်စပိုင်းမှာ ပညာရှိရာသို့ ခြေလှမ်းများစွာ ဆိုတဲ့ စာအုပ်လေးကို မိတ်ဆက် တုန်းကပေါ့။ ဘာလို့ဆိုတော့ ကျွန်တော့်ဆောင်းပါး တစ်ပုဒ် ပထမဆုံးအကြိမ် ရိုက်နှိပ်ဖော်ပြ ခံရတဲ့
စာအုပ်လေးဖြစ်လို့ပဲ။ ဒီထဲမှာ တခြားနာမည်ကျော် စာရေးဆရာတွေလည်း အများကြီးပါတာမို့ အဲဒီနေ့ကပွဲကို လူတွေ အများကြီး လာတယ်။
ကျွန်တော့်ဆီ ကိုတော့ စာဖတ်သူ ၅ ယောက် လာနှုတ်ဆက် တယ်။ အဲဒီ ၅ ယောက်ကတော့ ဥပမာပေးရရင် ရည်းစားဦးလိုပဲ၊ ဘယ်တော့မှ မမေ့နိုင် ဘူးပေါ့။
အဲဒီထဲကမှ တစ်ယောက်ကတော့ တော်တော်လေး ထူးခြားတယ်။ အဲဒီပွဲပြီးကတည်းကလည်း တကယ့်ကို မောင်နှမတွေ လိုကို ရင်းနှီး သွားတာ။ ဘာလို့လဲ ဆိုတော့ သူက ဆရာ့စာတွေကို သဘောကျတယ်၊
အားပေးတယ် စသဖြင့် သမားရိုးကျ ပြောသွား တာမျိုး မဟုတ်ဘဲ ဖေ့စ်ဘွတ်ကတစ်ဆင့် သိရတဲ့ ကျွန်တော့်အကြောင်းတွေ၊ ကျွန်တော်ကိုယ်တိုင်တောင် သိပ်မမှတ်မိချင်တော့တဲ့ ကျွန်တော့်ပို့စ်တွေကို စီကာပတ်ကုံး ပြောသွားတာပဲ။
ကျွန်တော့်မှာလေ သူ့စကားတွေ နားထောင်ရင်း သြော် ငါ့ကို အဲ့လောက် အလေးထား အားပေးတဲ့သူ ရှိပါလား ဆိုပြီး ပီတိတွေဖြစ်ပြီးတော့ကို ကျန်ခဲ့တာ။
၅။ သတ္တဝါတစ်ကောင်
လူမှုဆက်ဆံရေးနဲ့ ပတ်သက်ပြီး ကမ္ဘာကျော်စာအုပ်ဖြစ်တဲ့ How to win friends and influence people (ဦးနုဘာသာပြန် – မိတ္တဗလဋီကာ) မှာ ဒေးလ်ကာနက်ဂျီက ရေးထားတယ်။
တိရစ္ဆာန်တွေဟာ သူတို့အသက်ရှင်ဖို့ လောကကြီးကို တခုခုတော့ ပေးရတယ်။ မြင်းတွေ ဆင်တွေက ခွန်အားသုံး အလုပ်လုပ်ပေးရတယ်၊ ဆိတ်တွေ နွားတွေက နို့နဲ့ အသားကို ပေးရတယ်၊
တခြားအကောင်တွေက သူတို့ဟာသူတို့ ရှင်သန်ဖို့ အစာရှာစားရတယ်။ အဲဒီလို ဘာမှလုပ်စရာ မလိုဘဲနဲ့ကို နေရင်းထိုင်ရင်း ရှင်သန်နေတဲ့ တိရစ္ဆာန်တစ်ကောင် ရှိတယ်တဲ့။ အဲဒါကတော့ ခွေးပဲ။
ခွေးဟာ ဘာမှလုပ်စရာ မလိုဘူး။ တချို့ခွေးတွေများဆို သားသမီးလိုကို သဘောထားခံရတယ်။ ဘာကြောင့်လဲဆိုတော့ ခွေးဟာ လူချစ်အောင် နေတတ်တယ်။ လူ့သဘော လူ့မနောကို သဘောပေါက်တယ်။
ခွေးဟာ သူ့သခင် အနံ့ရပြီ၊ အသံကြားပြီဆိုရင်ကို အမြီးလေးနှံ့နှံ့ နှံ့နှံ့နဲ့ ထွက်လာတယ်။ ဘယ်တော့မှ သူ့သခင်အခေါ်ကို စောင့်မနေဘူး။ အသံကြားတာနဲ့ ပြေးထွက်ကြိုတယ်။ ဒါကြောင့်လည်း ခွေးဟာ လူအချစ်ခံရဆုံး အိမ်မွေးတိရစ္ဆာန် ဖြစ်နေတာပဲ။
၆။ အလေ့အကျင့်တစ်ခု
ခုခေတ်မှာ EQ EQ နဲ့ ပြောလာကြတာ အကြောင်းမဲ့မဟုတ်ပါဘူး။ ဘ၀တစ်ခု အောင်မြင်ဖို့ရာမှာ အရည်အသွေး (Talent) တစ်ခုတည်းက အာမခံချက် မပေးနိုင်လို့ပါပဲ။ EQ ဆိုတာ ဘာလဲဆိုရင် ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို သိမယ်၊
ထိန်းချုပ်စီမံနိုင်မယ်၊ တစ်ပါးသူတွေရဲ့ စိတ်ခံစားချက်ကိုလည်း သိမယ်၊ သိတဲ့အတိုင်းလည်း စီမံခန့်ခွဲနိုင်မယ်၊ ဒီလိုလူမျိုးကို EQ မြင့်တယ်လို့ ခေါ်တာပါ။ Social skill (Relationship management) မြင့်မားခြင်းကလည်း EQ ရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပါဝင်နေပါတယ်။
တကယ်တော့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ်အချစ်ဆုံးပါပဲ။ ဝေးဝေးမကြည့်ပါနဲ့၊ Group photo တစ်ပုံတက်လာရင် ကျွန်တော်တို့ ဘယ်သူ့ကို အရင်ရှာလဲ၊ ကိုယ့်ကိုယ်ကိုယ် အရင်ရှာပါတယ်။
သူများတွေလှမလှ ကြည့်ပြီးမှ ကိုယ့်ကိုယ်ကိုယ်ရှာတဲ့လူ တစ်ရာမှာ တစ်ယောက် မရှိပါဘူး။ ဒါ အရှင်းဆုံးဥပမာပါပဲ။ ကျွန်တော်တို့ဟာ ကိုယ့်နာမည်ကို မှတ်မိနေတာ သဘောကျတယ်။ ကိုယ့်အကြောင်းတွေ သိနေတာ သဘောကျတယ်။ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာကို ပြောဆိုရမယ်ဆို သဘောကျတယ်။
ဒါကြောင့်မို့ လူချစ်လူခင်များချင်တယ်ဆို ရှင်းပါတယ်။ လူတွေကို စိတ်ဝင်စားပါ။ သူတို့အကြောင်းကို သိအောင်လုပ်ပါ။ မှတ်မိအောင်ကြိုးစားပါ။ တွေ့လိုက်တာနဲ့ အရင်စနှုတ်ဆက်ပါ။
လူ ၁၀ ယောက်ကို အဲ့လိုသွားနှုတ်ဆက်လို့ တစ်ယောက်လောက်က မသိချင်ယောင်ဆောင်ပြီး ချေမိုးသွားချိန်မှာ ကျန်တဲ့ ၉ ယောက်ကတော့ ကိုယ့်ကို တအားချစ်ခင်သွားလိမ့်မယ်ဆိုတာကို သတိရပါ။
ဒေါက်တာ ဖြိုးသီဟ
No Comments